ရမည်းသင်း ဩဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့၊ ထီးလှိုင်အခြေခံပညာအထက်တန်းကျောင်း၊ သံလွင်ဆောင်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ထီးလှိုင်အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ခိုင်ခိုင်ဝင်းက အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများလူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမိုရရှိစေပြီးတစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နှုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးစာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ဆွေးနွေးပွဲကိုကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီးထီးလှိုင်အခြေခံအထက်တန်းကျောင်း Grade-10 ကျောင်းသားမောင်ထက်မြက်သူမှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် သုတ၊ ရသ မျိုးစုံစာအုပ်စာပေဟာ ရတနာသိုက်ဖြစ်ပြီး ဒါကြောင့် လူငယ်တွေစာဖတ်ဖို့လိုပါတယ်၊ နည်းပညာခေတ်ကြီးမှာ စာပေဟာအရေးကြီးကာ၊ ဘဝလမ်းကြောင်းမှန်ကန်ဖို့အတွက်စာဖတ်ပါက တိုးတက်မှုများရရှိကြောင်းကိုလည်းကောင်း၊ Grade-11 ကျောင်းသူမကြယ်စင်သွယ် မှလူငယ်နှင့်ယဉ်ကျေးမှု တစ်မျိုးသားလုံး၏ယဉ်ကျေးမှုကို ထာဝစဉ်ထိန်းသိမ်းကြစေရေး မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ဝတ်စားစီရင်မှုအရေးပါပုံကိုလည်းကောင်း၊ Grade-10 ကျောင်းသူမမြတ်နိုးဦးမှလူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် လူငယ်တွေရဲ့စွမ်းပကားကိုမြှင့်တင်ရန် မူးယစ်ဆေးဝါးကင်းစင်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုနှင့် ကြောက်မတ်ဖွယ်ရာ ဆိုးကျိုးဖြစ်လို့ လူညွန့်တုံးစေမဲ့တာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆန့်ကျင်တိုက်ဖျက်ကြရန်ကိုလည်းကောင်း၊ Grade-10 ကျောင်းသူမချစ်မိုးပြည့်မှ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်၊ ကျန်းမာကြံ့ခိုင်မှပညာကိုပျော်ရွှင်စွာသင်ကြားနိုင်ကြောင်း၊ စာပေဖတ်ရှုပြီး ရာသီဥတုပြောင်းလဲခြင်းအပေါ် ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုထိရောက်ကြောင်း၊ ခန္ဓာကိုယ်ဖွံဖြိုးစေရန် အားကစားကို လုပ်ဆောင်ရမှာဖြစ်ကြောင်းကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးပြီ Grade-11 မှမအိဇင်ငြိမ်း၊ မအိရတနာ၊ မအိဖြိုး၊ Grade-10 မှ မောင်မင်းခန့်ကျော်၊ Grade-9 မောင်ဥက္ကာကြယ်စင်နှင့် Grade-6 မှမယွန်းနဒီ၊ မောင်ဇင်မင်းခန့် တို့မှ ခေါင်းစဉ်အလိုက်သိရှိလိုသည်များကိုမေးမြန်းရာဦးဆောင်ဆွေးနွေးသည့်ကျောင်းသား၊ ကျောင်းသူတို့ကပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူးဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စကားဝိုင်းဆွေးနွေးပွဲကို ထီးလှိုင်အခြေခံပညာအထက်တန်းကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၁၉၄)ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေးနှင့်အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေလေ့လာစို့ အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်၊ ရမည်းသင်း)