ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဇေယျာသီရိ ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လေသာကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နွယ်နွယ်အောင်က ကျောင်းသား၊ ကျောင်းသူများအား စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန်၊ စာပေဝါသနာရှင်များစွာ ပေါ်ထွန်းလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာပြီး စာကောင်းပေကောင်းများကို လေ့လာတတ်စေရန် “စာအုပ်စာပေလူ့မိတ်ဆွေ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့သည်။ ယင်းနောက် နေပြည်တော်ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမှတ်(၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝင်းမြင့်နှင့် တာဝန်ရှိသူများက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကိုသိရှိပြီး လိုက်နာကြစေရေး၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရေး ဆောင်ရန်/ ရှောင်ရန်အချက်များကို ရှင်းလင်းဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအား ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါဟောပြောပွဲသို့ လေသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)