မော်လမြိုင် သြဂုတ် ၂၄
မွန်ပြည်နယ် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌလူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်က ပြိုင်ပွဲကျင်းပမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသား၊ အမျိုးသမီး မဟာဂီတ၊ ခေတ်ဟောင်း၊ ဝါသနာရှင်(အဆင့်) ပထမတန်း၊ ဒုတိယတန်းနှင့် အခြေခံပညာ အသက်(၁၀နှစ်မှ-၁၅)နှစ် အမျိုးသား၊ အမျိုးသမီး အဆိုပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရှိကြသူများအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ဦးညီညီစိုးက အခြေခံပညာအသက်(၁၀နှစ်မှ- ၁၅)နှစ် အမျိုးသား၊ အမျိုးသမီး ခေတ်ဟောင်းတေးသီချင်းများ ပြိုင်ပွဲတွင် ဆုရှိကြသူများအားလည်းကောင်း၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တေးသီချင်းများဖြင့် ပြိုင်ပွဲတွင် ဝါသနာရှင်(အဆင့်) ပထမတန်း၊ ဒုတိယတန်း၊ အလွတ်တန်းပြိုင်ပွဲများနှင့် မွန်အဆို ခေတ်ဟောင်းတေးသီချင်းများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရှိကြသူများ၊ ၂ဝ၂၄ ခုနှစ် (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဂုဏ်ပြုဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များမှ ဖျော်ဖြေတင်ဆက်မှုများနှင့် ပြိုင်ပွဲဆုရ ဗဟိုအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အဆိုပြိုင်ပွဲဝင်၊ အက ပြိုင်ပွဲဝင်၊ အရေးပြိုင်ပွဲဝင်၊ အတီးပြိုင်ပွဲဝင်များနှင့် မွန်တိုင်းရင်းသားရိုးရာယိမ်း အကပြိုင်ပွဲဝင်အဖွဲ့များ မွန်တိုင်းရင်းသားရိုးရာယိမ်း အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အဆိုပြိုင်ပွဲဝင်၊ အက ပြိုင်ပွဲဝင်၊ အရေးပြိုင်ပွဲဝင်၊ အတီးပြိုင်ပွဲဝင်များနှင့် မွန်တိုင်းရင်းသားရိုးရာယိမ်း အကပြိုင်ပွဲဝင်အဖွဲ့များကို ဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင်မည့် အဖွဲ့ခေါင်းဆောင် မွန်ပြည်နယ် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားယဉ်ကျးမှု ပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦးအောင်နိုင်မိုးထံသို့ အောင်နိုင်ရေးအလံ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)