သထုံ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်သူလူထုများ ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်စေရန်နှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများအသိပညာတိုးပွားစေရန် ရည်ရွယ်ကာ ကမ္ဘ့ာမိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက ဝါရီရူခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းညွန့်ဝင်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အား အာဟာရပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် သတ်မှတ်ခဲ့ပုံများ၊ ကျန်းမာရေးရက်သတ္တပတ်အလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးကင်းစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေးများ အာဟာရချို့တဲ့မှုမဖြစ်ပေါ်စေရေးအတွက် မိခင်နို့တိုက်ကျွေးခြင်းနှင့် ဖြည့်စွက်အစားအစာ စနစ်တကျကျွေးမွေးရသည့် နည်းလမ်းများတို့ကို ဆွေးနွေးပြောကြားပြီး ဖြည့်စွက်အာဟာရများနှင့် အသိပညာပေးလက်ကမ်းစာစောင်တို့ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)