ချောင်းဆုံ ဩဂုတ် ၂၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် ပျော်မွေ့လာစေရန် ရည်ရွယ်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဩဂုတ်(၂၃)ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် (ချောင်းဆုံ)အခြေခံပညာ အထက်တန်းကျောင်း၌ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကာယ/ဉာဏဖွံ့ဖြိုးစေသည့် အတွေ့အကြုံ ဗဟုသုတကောင်းများ ရရှိမည်ဟု ယုံကြည်ပါကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း စာကြည့်တိုက်များကို သွားရောက်လေ့လာသည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန် ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာပေဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ စာဖတ်ဝိုင်း၊ ဓာတ်ပုံပြပွဲ၊ စကားရည်လုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အရုပ်ဆက်၊ စကားပုံဆက်၊ ဆေးရောင်ခြယ်၊ ခါးကွင်းလှည့်၊ ခွက်နင်း စသည့် ပျော်ရွှင်စရာကစားနည်းများကို မြို့နယ်အတွင်းအခြေခံပညာကျောင်း (၅၀)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၀၀၀) ဦးနီးပါး ပါဝင်ယှဉ်ပြိုင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)