မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ၌ ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

မိုင်းဆတ် ဩဂုတ် ၂၄

မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာအုပ်စု၊ လွယ်ဆောင်ကျေးရွာ၌ နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက်ပံ့လှူငွေကျပ်သိန်း(၁၅၀)ဖြင့် ကျေးရွာစာကြည့်တိုက် အဆောက်အဦသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာစာကြည့်တိုက် အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထင်ကျော်နှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာ အသီးသီး၌ မင်္ဂလာအချိန်တွင် ပန္နက်ရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအားလွန်နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးလင်းထင်ကျော်တို့က ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် အောင်မြင်စွာတည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)