ဇေယျာသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေ မြင့်တက်

ဇေယျာသီရိ ဩဂုတ် ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ယမန်နေ့ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဆင်သေချောင်း‌ရေနှင့် ပေါင်းလောင်းမြစ်‌ရေမြင့်တက်လာမှုကြောင့် စည်ပင်ကြီးကျေးရွာအုပ်စုအတွင်းမှ နေအိမ် ၂၀၀ ခန့်အတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အလားတူ စည်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွင်း ရေ ၃ ပေခန့် ဝင်ရောက်လျက်ရှိသောကြောင့် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးခိုင်မင်းထွန်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား စည်ပင်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွှေ့၍ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ စည်ပင်ကြီး‌ကျေးရွာအတွင်း ရေဝင်ရောက်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် စာသင်ကျောင်းအတွင်း ရေကျသွားပါက ဘုန်းတော်ကြီးကျောင်းမှ စာသင်ကျောင်းသို့ ပြန်လည်ပညာသင်ကြားနိုင်ရေးအတွက် ‌ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း (ဇေယျာမြေ)