သန်လျင်ခရိုင် မျောက်ကျောက်ရောဂါကာကွယ်ရေး ညှိနှိုင်းဆွေးနွေး

သန်လျင် သြဂုတ် ၂၄

သန်လျင်ခရိုင်မျောက်ကျောက်ရောဂါကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မြင့်က မျောက်ကျောက်ရောဂါသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံများတွင် ကူးစက်ပြန့်ပွားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုမရှိသေးသော်လည်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်လိုအပ်မည်ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာချောနန္ဒီက ဝန်ကြီးဌာနမှချမှတ်ထားသော ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုတင်ကာကွယ်ရေးအတွက်ပြင်ဆင်ထားရှိမှုနှင့် သံသယလူနာများတွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်သွားကြရန်ဆွေးနွေးသည်။ ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာစံလင်းက မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းကျယ်ကျယ်ပြန့် ဆောင်ရွက်သွားမည့်အစီအစဉ်များအား ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက်တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက မျောက်ကျောက်ရောဂါကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်သွားမည့်အစီအစဉ်များအား ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်မြင့်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 ဖြိုးသီဟ(ခရိုင်ပြန်ဆက်)