ဒလမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချခြင်းအခမ်းအနားကျင်းပ

 ဒလ ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံအသိအမြင်များ သင်ကြားပို့ချခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းယုဇနခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိဒေါ်သက်ပွင့်ကျော်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်ကြောင်း၊ ထိုဥပဒေသည် နိုင်ငံတော်၏ပင်မကျောရိုးဖြစ်ကြောင်း၊ အဓိကမဏ္ဍိုင်ကြီး(၃)ရပ်ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို မည်သို့မည်ပုံ ခွဲဝေပိုင်းခြားမည်ဆိုသည်ကို ပြဋ္ဌာန်းသတ်မှတ်ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သောအခန်းများ၊ ပုဒ်မများအကြောင်း၊ မြန်မာနိုင်ငံနှင့်ဖွဲ့စည်းပုံအခြေခံ ဥပဒေများအကြောင်းစသည်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိဒေါ်သက်ပွင့်ကျော်နှင့်ဝန်ထမ်းများ၊ တာဝန်ခံကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။

အေးမြမိုး(ပြန်/ဆက်)