ကျောက်ဆည်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါ (၃၈၈၀)ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဩဂုတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံ၊ ဝါသီးနှံ စသည် သီးနှံများကို စီမံကိန်းသီးနှံအဖြစ် အထွက်နှုန်းကောင်းမွန်ရေး၊ စိုက်ဧကများ တိုးပွားစေရေး တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီး၌ မိုးချည်မျှင်ရှည်ဝါ (၃၈၈၀)ဧက စိုက်ပျိုးရန်လျာထားခဲ့ကြောင်းနှင့် ချည်မျှင်ရှည်ဝါသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ချည်မျှင်ရှည်ဝါသီးနှံများကို ရဲဘော်ကြီး၊ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲကျေးရွာ၊ ကြောင်ကျေးရွာ၊ ကြက်သားဟင်း၊ သင်္ဂတုံ၊ ကလေး၊ မှိုင်းပန်၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ အရှေ့သာဂရ၊ ပြည်တော်သာ၊ သံရွာကျေးရွာ၊ ပေါင်လောင်၊ တောင်တော်ကျေးရွာအုပ်စုများနှင့် ကင်းကျေးရွာအုပ်စုများတွင် အဓိကထားစိုက်ပျိုးကြကြောင်း  သိရှိရသည်။

မိုးချည်မျှင်ရှည်ဝါသီးနှံများ အောင်မြင်ရေးနှင့် ဝါစိုက်ပျိုးတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဝါသီးနှံသုတေသနှင့်နည်း ပညာဖွံ့ဖြိုးရေးခြံ(လွန်ကျော်)မှ ဒေသနှင့်ကိုက်ညီသော ဝါမျိုးစေ့များ စိုက်ပျိုးထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ တောင်သူများနှင့်ပူးပေါင်း၍ ကျေးရွာများအရောက်ကွင်းဆင်းကာ စိုက်ပျိုးမြေအနေအထားများကို ကြည့်ရှု၍ မြေပြုပြင်ချိန်မှစတင်ကာ၊ စိုက်ပျိုးခြင်း၊ အပင်ပြုစုထိန်းသိမ်းခြင်း နည်းပညာများကို စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်