ကျိုင်းတုံမြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံ ခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

ကျိုင်းတုံ ဩဂုတ် ၂၄

ရှမ်း​ပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြန်မာ-ထိုင်းနှစ်နိုင်ငံခရီးသွားလုပ်ငန်းနှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၃ ရက်က ကျိုင်းတုံမြို့၊ ပြည်နယ်အစိုးရရိပ်သာတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr Mongkol Visitstump ဦးဆောင်သောအဖွဲ့နှင့် ​ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး ဦးဆောင်သောအဖွဲ့တို့က နှစ်နိုင်ငံစီးပွားရေးဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်ချစ်ကြည်ရေးတံတားဂိတ်မှ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ-မန္တလေး လမ်းကြောင်းများတွင် ကုန်စည်စီးဆင်းမှုဆောင်ရွက်နိုင်ရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးစသည့် ကိစ္စရပ်များ ဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr Mongkol Visitstump နှင့် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌဦးဇော်လွင်ဦးတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး​ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr Mongkol Visitstump နှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ ကျိုင်းတုံလေဆိပ်နှင့် ကျိုင်းတုံ-တောင်ကြီး လမ်းတွင် ကုန်စည်ပို့ဆောင်မှု အခြေအနေများသွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)