၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့်အာဟာရ ချက်ပြုတ်ပြိုင်ပွဲကျင်းပ

မန္တလေး ဩဂုတ် ၂၄

၂၀၂၄ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု တန်ဖိုးသင့် အာဟာရချက်ပြုတ်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယကဒေါ်မမ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်မီမီစိုးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အဆိုပါပြိုင်ပွဲအား ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကိုပိုမိုစိတ်ဝင်စား၍ အာဟာရပြည့်ဝစွာစားသောက်တတ်စေရန် အာဟာရပညာကိုလိုက်နာကျင့်သုံးခြင်းဖြင့် မြန်မာနိုင်ငံသားများအားလုံး ကျန်းမာကြံ့ခိုင်အသက်ရှည်စွာ‌နေထိုင်နိုင်ပြီး ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အလိုက်ပြိုင်ပွဲဝင်များ၏ အစားအစာရွေးချယ်ထားမှု၊ မီးဖိုချောင်သုံးပစ္စည်းများသန့်ရှင်းမှုစသည့်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားမှုနှင့်ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း၊ အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ခရိုင် ၉ ခု မှ ဆုရရှိသည့် ခရိုင်များကို ဆုများချီးမြှင့်ရာ မန္တလေးတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့နာယက ဒေါ်မမနှင့်တာဝန်ရှိသူများက ပထမဆုရမိတ္ထီလာခရိုင်၊ ဒုတိယဆုရတံတားဦးခရိုင်၊ တတိယဆုရမဟာအောင်မြေခရိုင်နှင့် အထူးဆုရရှိသည့် ခရိုင်များကို ဂုဏ်ပြုဆုငွေများနှင့် အကဲဖြတ်ဒိုင်အဖွဲ့တို့ကို ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းထွန်းနိုင်