ရန်ကုန် ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာကြည့်တိုက်များ ပြင်ဆင်ဆောက်လုပ်မှုအခြေနေပေါ် သုံးသပ်ခြင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက ငွေကျပ် သိန်း (၅၀) ဖြင့် ပြုပြင်ဆောင်ရွက်သည့် စာကြည့်တိုက် (၆) တိုက်နှင့် ငွေကျပ်သိန်း (၁၅၀) ဖြင့် ဆောက်လုပ်သည့် စာကြည့်တိုက် (၁၂)တိုက်တို့၏ ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ အကြံပေးအဖွဲ့မှ ဆရာကြီးဆရာမကြီးများနှင့် ကော်မတီဝင်များက အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌက စာကြည့်တိုက်များ ရေရှည်တည်တန့်နိုင်စေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအနေဖြင့် စာကြည့်တိုက်များအတွက် လိုအပ်သည့်ပစ္စည်းများ၊ စာအုပ်စာစောင်များလှူဒါန်းပေးခြင်း၊ စာကြည့်တိုက်မှူးသင်တန်းများ အခါအားလျော်စွာဖွင့်လှစ်ပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)