ပုဇွန်တောင်မြို့နယ်တွင် ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်  ဩဂုတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ပုဇွန်တောင်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်မှ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း ဟောပြောခြင်း၊ ဗိုလ်တထောင်ခရိုင် လူငယ်ရေးရာကော်မတီမှ အားကစားမှူး ဒေါ်ခင်ကောင်းစံမှ  အားကစားနှင့်လူငယ်ရေးရာ သိကောင်းစရာများကို ဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး တိုက်ကွမ်ဒိုအားကစားသမားများ၊ Fitness Dance အားကစားသမားများက သက်ဆိုင်ရာအားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများမှ နှာခေါင်းစည်း Mask များ ပေးအပ်လှူဒါန်းခဲ့ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများမှ လက်ခံရယူခဲ့ပြီးနောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူလေးများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်