စစ်တွေ ဩဂုတ် ၂၄
ဥပဒေပညာပေးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စာရေးဆရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့အချိန်တွင် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကြကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်မြင့်မားစေရန်၊ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်အပါအဝင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်က တန်ဖိုးထားရသော အနာဂတ်သားကောင်းရတနာလူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များအဖြစ်ရှင်သန်တိုးတက်လာရန် ဥပဒေအသိပညာများကိုနားလည်ပြီး ဥပဒေနှင့်အညီ နေထိုင်ပြုမူတတ်သော နိုင်ငံသားကောင်းများဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယခုကဲ့သို့ ဥပဒေအသိပညာပေးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်အချိန်ကစ၍ စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုသိမြင်ပြီး လက်တွေ့ဘဝတွင် မိမိ၏ အသိပညာ၊ ဗဟုသုတနှင့် အတွေ့အကြုံများကို မိမိလေ့လာဖတ်ရှုခဲ့သည့် စာကောင်းပေမွန်များကရသော စာပေ၏တန်ဖိုးများကို ပြန်လည်အသုံးချသွားမည်ဆိုလျှင် အနာဂတ်တွင် တိုင်းပြည်ကအားထားရသော မိမိပြည်နယ်အတွက် အကျိုးပြုနိုင်မည့် ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုကြသောအခါတွင်လည်း ရပ်တန့်မသွားဘဲ အမြဲမပြတ်လေ့လာဆည်းပူးကြရန်နှင့် ရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရန်အထိ ရည်ရွယ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဥပဒေဆိုသည်မှာ နိုင်ငံတိုင်းတွင် ပြဋ္ဌာန်းထားရှိပြီး နိုင်ငံသားတိုင်း လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများဖြစ်ကြောင်း၊ နိုင်ငံသားအားလုံးသည် ဥပဒေနှင့်အညီ နေထိုင်ကြရမည်ဖြစ်သကဲ့သို့ တားမြစ်ထားသည့်အရာများကိုလည်း မဖောက်ဖျက်မိရန်လိုကြောင်း၊ ထို့ကြောင့် ဥပဒေပညာကိုလည်း ကျောင်းသားလူငယ်ဘဝကတည်းက သိရှိလေ့လာထားရန် လိုအပ်သည့်အရာတစ်ခုဖြစ်ကြောင်း၊ စာပေလေ့လာဖတ်ရှုခြင်းနှင့် အသိပညာဗဟုသုတပြည့်စုံခြင်းသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ဘဝရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်မည့် အရည်အသွေးဖြစ်သကဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုနိုင်မည့် လိုအပ်ချက်ဖြစ်ခြင်းကြောင့် အစိုးရ၊ မိဘ၊ ဆရာများက ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးမြှင့်တင်မှုလုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဥပဒေဆိုင်ရာသိကောင်းစရာများအား အသိပညာပေးဟောပြောပြီး စာရေးဆရာ အောင်ကြည်မိုး(သင်ပုန်းတန်း)က "စာဖတ်ခြင်း၏အကျိုး"ကျေးဇူးများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း (ပြန်/ဆက်)