မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ

မြစ်သား သြဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါကျောင်းရှိ ကျန်စစ်သားခန်းမတွင် ကျင်းပခဲ့ရသည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်က အဖွင့်အမှာစကား‌ပြောကြားသည်။ ဆုချီးမြှင့်ရန်ပုံငွေအတွက် ငွေပဒေသာပင်စိုက်ထူထားသော အလှူရှင်မိသားစုကိုယ်စား အငြိမ်းစားဆရာမကြီး ဒေါ်ခင်နန်းမြင့်က ထပ်ဆင့်အမှာစကားပြောကြားခဲ့ပြီး အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများကို

ဂုဏ်ပြုဆုများချီမြှင့်ပေးပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော (၆)ဘာသာဂုဏ်ထူရှင်  မဇွန်အိဖြူ၊ (၂)ဘာသာဂုဏ်ထူးရှင် မဝင့်ကြယ်စင်မှူးနှင့် (၁)ဘာသာဂုဏ်ထူးရှင် မောင်မြတ်နိုးအောင်တို့အား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဂုဏ်ထူးရရှိအောင် ပညာသင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများကိုယ်စား ဆရာမဒေါ်နှင်းန္ဒာအေးက ကျေးဇူးတင်စကားပြောကြားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော (၆)ဘာသာဂုဏ်ထူးရှင် မဇွန်အိဖြူက ဆုရကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။ ထိုနောက် အခမ်းအနားတွင် ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောင်းသူလေးများအဖွဲ့က ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဟန်၊ ငွေပဒေသာပင်စိုက်ထူခဲ့သော မိသားစုဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)