သထုံမြို့နယ်၌ Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်

သထုံ ဩဂုတ် ၂၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ‌ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများပူးပေါင်းကာ Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ယမန်နေ့နံနက်ပိုင်းက ရွှေစာရံစေတီအနီးရှိ အဝေးပြေးယာဉ်ရပ်နားကွင်းဝန်းကျင်ရှိ လူစည်ကားရာနေရာများ၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးလှုပ်ရှားရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက Mpox (မျောက်ကျောက်)ရောဂါလက္ခဏာများနှင့် ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ ရောဂါပျိုးရက်ဖြစ်သည့်  လက္ခဏာများ၊ သံသယဖြစ်ပွားဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ စသည်တို့ကို ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများအား အသိ‌ပညာ‌ပေးဆွေးနွေးကြပြီး သုဝဏ္ဏဈေး၊ ရွှေစာရံစေတီ ယာဉ်ရပ်နားကွင်းစသည့်   လူစည်ကားရာနေရာတို့၌ ပိုစတာများစိုက်ထူကာ Mpox (မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြသည်။

အဆိုပါအသိပညာပေးလှုပ်ရှားမှုကို ခရိုင်ပြည်သူကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)