မော်လမြိုင် ဩဂုတ် ၂၄
မော်လမြိုင်မြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မြို့နယ်အဆင့် အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးတင်ယုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိန်းတန်မှ မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လှုပ်ရှားမှုအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဆေးပြားများနှင့် အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း၊ အသက်ငါးနှစ်အောက်ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံး တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များက ကိုယ်ဝန်ဆောင်မိခင်များ၊ မူကြိုကလေးများအား လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကွေကာအုပ်၊ ကြက်ဥ၊ ကုလားပဲနှင့် ထမင်းဘူးများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)