မြစ်ကြီးနား သြဂုတ် ၂၄
ကချင်ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်ရရှိရေး၊ အားနည်းချက်/ အားသာချက်များနှင့် လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။
ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်၍ လုပ်ငန်းများစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းလုပ်ငန်းကြွေးကျန်းများမဖြစ်ပေါ်ရေး၊ ကြုံတွေ့ရသည့် အခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက်များ အောင်မြင်ဆောင်ရွက်နိုင်ရေး၊ ယခုလို ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးအဖြေရှာခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါကြောင်း၊ ထို့အပြင် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ စာရွက်ပေါ်မှာထက် မြေပြင်ပကတိအခြေအနေမှန်ကို ဦးစားပေးထည့်သွင်းပြီး အကျိုးကျေးဇူးထိရောက်မှု၊ ကျိုးကြောင်းထင်ရှားပေါ်လွင်စွာ ထည့်သွင်းတင်ပြကြရန် အလေးအနက်ထားမှာကြားလိုပါကြောင်း၊ ယနေ့ပတ်ဝန်းကျင်အခြေအနေအရ မိမိတို့အနေဖြင့် ယခုထက် (၂)ဆ ပိုမိုကြိုးစားကြရန် အထူးမှာကြားလိုပါကြောင်း၊ ထို့အပြင် ရင်းနှီးမြှုပ်နှံဆောင်ရွက်သည့်လုပ်ငန်းများ များပြားလာသကဲ့သို့ ဌာနများမှ ခွင့်ပြုလုပ်ငန်းများလည်း များပြားလာသည့်အတွက် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတိကြီးစွာ၊ အဂတိကင်းရှင်းစွာ ကျင့်သုံးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့မှ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များကို အသေးစိတ်တစ်ခုချင်းအလိုက် တိကျစွာ လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ဘဏ္ဍာနှစ်အလိုက် ဦးစားပေးအစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများ၊ ရှေ့လုပ်ငန်းစဉ်များ၊ လိုအပ်ချက်၊ အခက်အခဲများနှင့် မြေပြင်အခြေအနေများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအပေါ် ပါဝါပွိုင့်များဖြင့် ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်၊ ညွှန်ကြားချက်များအပေါ် အသေးစိတ်လိုက်နာ အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များ၊ တင်ပြချက်များအပေါ် ဖြည့်စွက်သုံးသပ် ရှင်းလင်းတင်ပြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများအနေဖြင့် လုံခြုံရေး အထူးဂရုစိုက်ဆောင်ရွက်ကြရေး၊ လုပ်ငန်းစီမံကိန်းများအလိုက် ပြည်သူကိုဗဟိုပြု၍ ဆောင်ရွက်ကြရေး၊ ပြည်သူများပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်မှသာ အောင်မြင်သောလုပ်ငန်းများ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်၍ လမ်းညွှန်မှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် သြဂုတ် (၂၂)ရက် မွန်းလွဲပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့်အတူ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကချင်ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်စပ်လျဉ်း၍ ကာကွယ်စောင့်ရှောက်ရာတွင် မသန်စွမ်းသူများ အမြင်သစ်၊ အတွေးသစ်များဖြင့် ဆောင်ရွက်သွားကြရေး၊ မသန်စွမ်းသူများ ပါဝင်ဆောင်ရွက်နိုင်သော မသန်စွမ်းသူများအတွက် အတားအဆီးကင်းမဲ့သော ပတ်ဝန်းကျင်များဖြစ်ပေါ်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဌာနအလိုက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ထည့်သွင်းစဉ်းစားနိုင်ရေးကို အားလုံးကပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ပြည်နယ်ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းများကိုလည်းကောင်း၊ ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင်က ပြည်နယ်အတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ယခင်နှစ်က ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ပြည်နယ်မသန်စွမ်းသူများဥက္ကဋ္ဌ ဦးလမုန်ဂမ်ဖန်တို့က မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကို ထည့်သွင်းဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက ပြည်နယ်မသန်စွမ်းသူများဥက္ကဋ္ဌထံ အလှူငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)