ကျောက်ဖြူမြို့ အ.ထ.က(ခွဲ) အ.လ.က(၂) မြို့မကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် “လူငယ်စကားဝိုင်း” ကျင်းပ

ကျောက်ဖြူ  ဩဂုတ် ၂၃

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က အ.ထ.က(ခွဲ) အ.လ.က(၂)မြို့မ ကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊  ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းသူက လူငယ်များစာဖတ်စွမ်းရည်တိုးတက်မြင့်မားစေရေး၊ အသိဉာဏ်ပညာဗဟုသုတတိုးပွားကာ လမ်းမှားမရောက်စေရေး၊ ရည်မှန်းချက်ထားရှိပြီး စာပေကိုကြိုးစားသင်ယူစေရေး၊ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ မပျောက်စေရန်ထိန်းသိမ်းစောင့်ရှောက်ရေး၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရေးစသည့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ပါဝင်ဆောင်ရွက်ပြီး အ.ထ.က(ခွဲ) အ.လ.က(၂) မြို့မကျောင်းမှ Grade–7 ကျောင်းသား မောင်တုနိုင်းခက “လူငယ်နှင့်စာရိတ္တ” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–7 ကျောင်းသား မောင်အောင်ဘုန်းမြတ်က “လူငယ်နှင့်ယဉ်ကျေးမှု” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–7 ကျောင်းသူ မဆုရတီလှိုင်က “လူငယ်နှင့်စာပေ” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade–6 ကျောင်းသူ မထက်မှူးနိုင်က “လူငယ်နှင့်အောင်မြင်မှု”‌ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးပြောကြား ချက်များအပေါ် မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ဆွေးနွေးပွဲတွင်ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန် ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)