ကျိုက်မရော ၌ M pox(မျောက်ကျောက်)ရောဂါ အသိပေးဆွေးနွေးပွဲ ပြုလုပ်

ကျိုက်မရော သြဂုတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် M pox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်တန်းခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီးဒေါက်တာ ကျော်ဇင်ထွန်းက M pox(မျောက်ကျောက်)ရောဂါသည် မြန်မာနိုင်ငံ အိမ်နီးချင်းထိုင်းနိုင်ငံ၌ ဖြစ်ပွားလာပြီးဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွင်း၌ ရောဂါမဖြစ်ပွားမီကြိုတင်ကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ ရောဂါပျိုးရက်ဖြစ်သည့်လက္ခဏာများ၊ သံသယဖြစ်ပွားဖွယ်ရောဂါလက္ခဏာများ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ M pox(မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သို့မဟုတ်) ရောဂါသံသယလက္ခဏာများခံစားရပါကနီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့် ကုသမှုခံယူနိုင်ရေးအချိန်မီ  ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများအားလုံးက မိမိတို့နှင့်သက်ဆိုင်သော ကျေးရွာများ၌ အမြန်ဆုံးအသိပေးဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်  ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ဆရာမများက M pox( မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ဇင်ထွန်းက ပြန်လည်ဖြေကြားပေးခဲ့သည်။

အဆိုပါ Mpox (မျောက်ကျောက်)ရောဂါဆွေးနွေးပွဲသို့ ကျိုက်မရောမြို့နယ်အတွင်းရှိကျေးရွားများမှ ကျန်းမာရေးမှူးများနှင့် နယ်​မြေခံကျန်းမာရေးဝန်ထမ်းများ  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး( ပြန်/ဆက်)