သထုံမြို့တွင် အလုပ်ခွင်၌ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်း အခမ်းအနား ပြုလုပ်

သထုံ  ဩဂုတ်  ၂၃

အလုပ်သမားဝန်ကြီးဌာန၊ သထုံခရိုင်လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်၌ထိခိုက်မှု အကျိုးခံစားခွင့် ငွေလုံးငွေရင်းနှင့် နာရေးစရိတ်ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက်က သထုံဘူတာရုံခန်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦစွာ မွန်ပြည်နယ် လူမှုဖူလုံရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းစိုးက၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် အကျိုးခံစားခွင့်ထုတ်ပေးရခြင်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လူမှုဖူလုံရေးအဖွဲ့၊ သထုံမြို့၌ မှတ်ပုံတင်ထားသည့် မြန်မာ့မီးရထားဌာနမှ အာမခံအလုပ်သမား ဦးထွန်းထွန်း‌ဆွေ၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့ရမှုအတွက် အကျိုးခံစားခွင့် ငွေလုံးငွေရင်း ငွေကျပ် ၈၁ သိန်းနှင့် နာရေးစရိတ် ၈၁၀၀၀၀ စုစုပေါင်း ငွေ ၈၉၁၀၀၀၀ ကျပ်အား ကျန်ရစ်သူမိသားစုထံ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်ဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုဖူလုံရေးအဖွဲ့ ဒုတိယညွှန်ကြားရေမှူးနှင့်ဝန်ထမ်းများ၊ မြန်မာ့မီးရထား သထုံဘူတာမှဝန်ထမ်းများနှင့် အကျိုးခံစားခွင့်ရရှိသည့်မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်