ဒေါပုံ ဩဂုတ် ၂၃
လူငယ်ဟူသည် အနာဂတ်နိုင်ငံတော်၏ တန်ဖိုးထားအားကိုးရမည့် အဖိုးတန်အရင်းအမြစ်များဖြစ်သည့်အားလျော်စွာ လူငယ်ကဏ္ဍကို နိုင်ငံတော်မှဘက်ပေါင်းစုံပံ့ပိုးမှုများဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးစွမ်းပြည့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအစီအစဥ်ကို ဆောင်ရွက်ခဲ့ရာ ဒေါပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ဦးဆောင်ဆွေးနွေးသူအဖြစ်လည်းကောင်း၊ လူငယ်နှင့်စာပေခေါင်းစဥ်ဖြင့် Grade-11 မှ ကျောင်းသူ မဆုလတ်မိုးကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့် Grade-11 မှ မောင်ထက်ကျော်စွာကလည်းကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့် Grade-11 မှ မချောစုကလည်းကောင်း၊ လူငယ်နှင့်အားကစားခေါင်းစဥ်ဖြင့် Grade-11မှ မောင်လင်းထက်ပိုင်ကလည်းကောင်း၊ လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့် Grade-10မှ မခင်မို့မို့သူကလည်းကောင်း၊ လူငယ်နှင့်နည်းပညာခေါင်းစဥ်ဖြင့် Grade-10မှ မောင်သော်ဇင်ဦးကလည်းကောင်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲအပြီးတွင် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများအပေါ် သိလိုသည်များကိုမေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများနှင့် ခေါင်းစဥ်များအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသူများကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် အသိပညာဗဟုသုတရဖွယ် နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိသည့်အပြင် လူငယ်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း၍ လစဥ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)