ငါ့သရောက် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့အတွင်း ကျေးရွာများတွင် (၆)လပင်ပြန့်မြေပဲများကို ယခုနှစ်မေလတွင် စတင်စိုက်ပျိုးခဲ့ကြရာ လက်ရှိတွင် မြေပဲခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့်အပြင် ဒေသတွင်းယာလုပ်သား (လက်လုပ်/လက်စား)များ ပဲခင်းများတွင်ပေါင်း/မြက်နှုတ်သည့် အလုပ်ဖြင့် ဝင်ငွေရရှိနေကြကြောင်း သိရသည်။
“ကျွန်တော်တို့ ရွာမှာတော့ လုပ်ကွက်ငယ်တဲ့သူတွေနဲ့ ကိုယ်ပိုင်ယာမရှိတဲ့ (စာရင်းငှားလိုက်သူ)တွေ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အခုရက်ပိုင်းမှာ မြေပဲခင်း ပေါင်းနုတ်၊ အငှားလိုက်ကြတာနဲ့ နေ့စဉ်ဝင်ငွေရပြီး အဆင်ပြေနေကြတာပါပဲ။ အလုပ်သမားတစ်ဦးကို တစ်မနက်ခင်း(နေ့တစ်ဝက်)ကို (၄၀၀၀)ကျပ် ရပါတယ်။ တစ်နေ့ကုန်ဆို (၈၀၀၀)ကျပ် ရရှိကြပြီး တစ်အိမ်ထဲ(၃)ယောက်လောက် လိုက်လုပ်နိုင်ရင် တစ်နေ့(၂၄၀၀၀)ကျပ် ရရှိနေပြီပေါ့ဗျာ။ မိုးလယ်လေးကောင်းလိုက်တာနဲ့ သီးနှံတွေလည်းကောင်း လူတွေလည်း တကယ်ခက်ခဲနေချိန်မှာ ခုလိုတောင်ယာလုပ်ငန်းခွင်လေးရှိတော့ စားဖို့သောက်ဖို့တော့ အဆင်ပြေကြတာပေ့ါဗျာ” ဟု ဆည်ကျေးရွာမှ ပေါင်းနုတ်လိုက်သူများထံမှ သိရသည်။
ငါ့သရောက်(ပြန်/ဆက်)