ပေါင် ဩဂုတ် ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်က ပေါင်မြို့နယ်အနေဖြင့် ရောဂါမဖြစ်ပွားမီကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်တိုးမြှင့်ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း ဌာနဆိုင်ရာများအနေဖြင့် အသွားအလာဂရုစိုက်ကြပါရန် မိမိပတ်ဝန်းကျင်ရှိပြည်သူများ ရောဂါလက္ခဏာဖြစ်ပွားတွေ့ရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့အချိန်မီသွားရောက်ပြီး ကုသမှုခံယူရန်လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံမှမြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းညွန့်ဝင်းက Mpox(မျောက်ကျောက်)ရောဂါသည် မြန်မာနိုင်ငံအိမ်နီးချင်း ထိုင်းနိုင်ငံတွင်ဖြစ်ပွားလာသည့်အတွက် အထူးဂရုစိုက်ကြပ်မတ်ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ ရောဂါပျိုးရက်ဖြစ်သည့် လက္ခဏာများ၊ သံသယဖြစ်ပွားဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Mpox(မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သို့မဟုတ်) ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့် ကုသမှုခံယူကြပါရန် ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါအသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)