ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဆည် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကောင်းပြည့်သော်ရေးသားသည့် “အရည်အချင်းနှင့်အောင်မြင်ကြီးပွားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း(မောင်ခိုင်ကျော်-ကျောက်ဆည်)ကကျောင်းသား၊ ကျောင်းသူများအတွက် စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့်အကျိုးကျေးဇူးများ၊ အသိပညာနှင့်အတတ်ပညာပေါင်းစပ်မှတန်ဖိုးရှိသည့် လူတစ်ဦးဖြစ်လာမှာဖြစ်ကြောင်း၊ ရည်ရွယ်ချက်ထားပြီး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စိတ်ထားမြင့်မြတ်ကောင်းမွန်သူများ ဖြစ်အောင်ကြိုးစားကြစေလိုကြောင်း၊ စာရေးဆရာဒေါက်တာ ခင်မောင်ညိုရေးသားသည့် “အရည်အချင်းနှင့် အောင်မြင်ကြီးပွားခြင်း” စာအုပ်ပါအောင်မြင်ကြီးပွား ချင်ရင်လမ်းစရှာပါ၊ အောင်မြင်ကြီးပွားချင်ရင်နည်းလမ်းရှာပါ၊ မိတ်ကောင်းဆွေကောင်း ပတ်ဝန်းကျင်ကောင်း တည်ဆောက်ပါ၊ အရည်အချင်းကကိုယ်ပိုင်ဥစ္စာ၊ အရည်အချင်းက အောင်မြင်ခြင်းစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန်မြင့်မားစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုပိုမိုရရှိရေး၊ အတွေးအမြင်များဖလှယ်နိုင်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊၊ စာဖတ်ဝိုင်းများကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး  ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာလေ့လာဖတ်ရှုခဲ့ကြောင်းသိရသည်။

စုစုအေး(ကျောက်ဆည်)