မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ဖန်စီထိုးနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

စဉ့်ကိုင် ဩဂုတ် ၂၃

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ‌ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်းပညာများ ကျွမ်းကျင်စွာ တတ်မြောက်စေရန်၊ တစ်ဖက်တစ်လှမ်းမှ မိသားစုအပိုဝင်ငွေ ရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖန်စီထိုးနည်းသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  ‌မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်စန်းက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကာ ဖန်စီးထိုးရာတွင် အခြေခံကြသည့် နည်းလမ်းများအား အဆင့်ဆင့် သင်ကြားပို့ချခဲ့ရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (ပြန်/ဆက်)