ပျော်ဘွယ် ဩဂုတ် ၂၃
ပျော်ဘွယ်မြို့နယ် စိုက်ပျိုးညှိနှိုင်းကြီးကြပ်မှုအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ မိုးနှောင်းဝါသီးနှံ(B-31) ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စံပြကွက်စိုက်ပျိုးနေသည့် တောင်သူများထံ သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ညောင်ရွှေကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က မိမိတို့မြို့နယ်တွင် ဝါသီးနှံပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ယခုလိုထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ထောက်ပံ့ပေးအပ်သည့် သွင်းအားစုပစ္စည်းများကိုလည်း အကျိုးရှိစွာအသုံးပြုရန် လိုအပ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိပါက ဝါစိုက်ပျိုးသည့် တောင်သူများ အနေဖြင့်လည်း ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးညိမ်းဇော်က သွင်းအားစုများ ထောက်ပံ့ပေးနေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝါသီးနှံစံပြကွက် စိုက်ပျိုးနေသည့် ဧက(၁၀၀)အတွက် သွင်းအားစုများဖြစ်သည့် အပင်ရွက်ဖျန်းအားဆေးများနှင့် ပိုးသတ်ဆေးများကို ထောက်ပံ့ပေးအပ်ရာ ဝါစိုက်ပျိုးသည့် တောင်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)