ကော့မှူး ဩဂုတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Youth Club၊ Book Club အသင်းအဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အလိမ္မာစာမှာရှိ၊ စာအုပ်စာပေ လူမိတ်ဆွေဆိုသည့်အတိုင်း ကျောင်းစာအပြင်ပြင်ပစာပေများ လေ့လာဖတ်ရှုကြရန် စာအုပ်စာပေဖတ်ရှုခြင်းကြောင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Youth Club အဖွဲ့ဝင် ဒေါ်ရီရီဝင်းက စာရေးဆရာအောင်ကိုဦး(UMK)ရေးသားသည့် “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” (စိတ်ခွန်အားဖြည့်စာစုများ)စာအုပ်မှ “လူငယ်တွေကိုလမ်းဖွင့်ပေးပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် မောင်ကျော်ကျော်အောင်က “ဘာလုပ်သင့်သလဲ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟနိုင်က “မျှော်လင့်ချက်ကိုယ်စီ၊ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ထို့နောက် Youth Club အဖွဲ့ဝင် ဒေါ်ရီရီဝင်းက ဦးဆောင်ဆွေးနွေးရာတွင် လူငယ်ဆိုတာတက်ကြွတယ်၊ လန်းဆန်းတယ်၊ အားအင်ရှိတယ်၊ မျှော်လင့်ချက်ရှိတယ်၊ လူတိုင်းလူတိုင်း သက်မွေးဝမ်းကြောင်းတွေကိုယ်စီမှာ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်၊ ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်မှရယ်လို့မဟုတ်ပါဘူး၊ သူတို့လေးတွေဖြစ်ချင်တာကို ဖြစ်ခွင့်ပေးကြစေချင်ပါကြောင်း၊ လူငယ်တွေရဲ့အိပ်မက်တွေကို နားထောင်စေချင်တယ်၊ အသိအမှတ်ပြုစေချင်တယ် လမ်းဖွင့်ပေးစေချင်တယ်၊ ပံ့ပိုးပေးစေချင်တယ်၊ လူငယ်တွေသက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်တဲ့ဘဝတွေ ပိုင်ဆိုင်ခွင့်ရစေချင်ရင် လူကြီးတွေကလူငယ်တွေကို အခုမှကောက်ကာငင်ကာထယုံတာမျိုးမဟုတ်ဘူး၊ သူတို့ဖြစ်ချင်တဲ့စိတ်တွေ စတည်လာတည်းက ယုံယုံကြည်ကြည်နဲ့ နားထောင်ဖို့၊ အသိအမှတ်ပြုဖို့၊ လိုအပ်ချက်တွေပံ့ပိုးပေးဖို့ အထူးအထူးအရေးကြီးပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ