ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်စက်မှုဇုန်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ကွန်ကရစ်လမ်း ထပ်ပိုးလွှာခင်းခြင်း ကမ္ဗည်းကျောက်စာတိုင်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဩဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ယောအတွင်းဝင်ဦးဖိုးလှိုင်လမ်း ကွန်ကရစ်လမ်းထပ်ပိုးလွှာခင်းခြင်း ကမ္ဗည်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဖန်ချက်ဝန်ဦးရွှေအိုးလမ်းနှင့် ယောအတွင်းဝင် ဦးဖိုးလှိုင်လမ်းထောင့်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော သယံဇာတရေးရာဝန်ကြီနှင့်တကွ စီးပွားရေးရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာသက်မှတ်ထားသော နေရာများတွင် သစ်ပင်များစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဦးရွှေဘင်လမ်း၊ ပြင်စည်မင်းသားလမ်း၊ မက္ခရာမင်းသားကြီးလမ်း၊ ဦးထွမ်းညိုလမ်း၊ သမာဓိ (၂)လမ်း၊ ဦးရွှေအိုးလမ်း၊ စုစု​​ပေါင်းလမ်း(၆)လမ်း၊ စုစုပေါင်းပေရှည် (၆၂၂၂)ပေ၊ အကျယ် (၂၂)ပေ၊ တစ်ပေထုအား ကွန်ကရစ်လမ်းထပ်ပိုးခင်းခြင်းတွင် ပါဝင်လှူဒါန်းကြသော လုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။ ထို့နောက် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် စက်မှုဇုန်ဥက္ကဋ္ဌ ဦးကျော်စွာမြင့်တို့က ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းကွန်ကရစ်လမ်းထပ်ပိုးလွှာခင်းခြင်း ကမ္ဗည်းကျောက်စာတိုင်အား ဖဲကြိုးဖြတ်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ပြန်/ဆက်)