တံတားဦး ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် မိုးစပါး(၆)တန်းသွား လက်ဆွဲကောက်စိုက် စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီက ငါန်းဇွန်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ ကွင်းအမှတ်(၉၁၈)၊ ဦးပိုင်အမှတ်(၃၁၀)တောင်သူ ဦးကြည်တင်၏ လယ်ကွက်တွင် ကျင်းပကြောင်း သိရသည် ။
ကွင်းသရုပ်ပြပွဲသို့ ငါန်းဇွန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ ၊ တောင်သူများ တက်ရောက်ကြပြီး မိုးစပါး(၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည် ။
အဆိုပါ စက်နှင့်စိုက်ပျိုးခြင်းဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေး၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သီးနှံပင် သက်တမ်းတစ်လျှောက် အပင်ပြုစုဆောင်ရွက်သည်မှ ရိတ်သိမ်းသည်အထိ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းခြင်းနှင့် ရိတ်သိမ်းမှုတွင်လည်း လေလွင့်ဆုံးရှုံးမှုမရှိစေရေး ၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ငါန်းဇွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဆန်းလင်းထံမှ သိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသည့် တောင်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည် ။
ငါန်းဇွန်မြို့နယ်အနေဖြင့် (၂၀၂၄-၂၀၂၅) မိုးစပါးဧက (၅၅၃၀)ဧကလျာထားပြီး ယနေ့အထိ (၃၆၇၁)ဧက စိုက်ပျိုးပြီး ဖြစ်ပါကြောင်းနှင့် ယနေ့ ဦးကြည်တင်၏ မိုးစပါး(၃)ဧကကို (၆)တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးကြောင်းလည်း သိရသည် ။
ဦးရဲတင့်(ပြန်/ဆက်)