ကျိုက်မရော သြဂုတ် ၂၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံရွာဒေသထွက် ကျွဲကောသီး ကျောက်စိမ်းမျိုးများ အထွက်နှုန်းကောင်းကာ စျေးကောင်းလည်းရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နိတုံကျေးရွာရှိ စိုက်ပျိုးရေးခြံမှ ကျောက်စိမ်းသီးခေါ် ကျွဲကောသီးအဖြူမျိုးမှာ နာမည်ကြီး အသီးတစ်မျိုးဖြစ်၍ လူကြိုက်များသည့် အဖြူမျိုးများဖြစ်ပြီး ပန်းရောင်းသီးထက် အထွက်ကောင်းပြီး အရသာလည်း ပို၍ အချိုစူးသဖြင့် စီးပွားဖြစ် စိုက်ပျိုးလာသူများလာပြီး အဆိုပါ ကျောက်စိမ်းသီးအဖြူမျိုးကို မုဒုံမြို့ စိုက်ပျိုးရေးခြံမှ ဝယ်ယူကာ စိုက်ပျိုးရေး နည်းပညာဖြင့် စနစ်တကျ စိုက်ပျိုးကြသဖြင့် အထွက်နှုန်းလည်း အထူးကောင်းမွန်ကြောင်း ယခုနှစ် မိုးရာသီတွင် ကျွဲကောသီးစျေးလည်း စျေးကောင်းရရှိနေကြောင်း အဖြူသီးတစ်လုံးလျှင် သုံးထောင်ကျပ်မှ အနည်းဆုံး နှစ်ထောင်ကျပ်ထိ ဖောက်သည်ပေးရကြောင်း နိတုံဒေသထွက် ကျွဲကောသီးများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများထိ သွားရောက်ရောင်းချနေရကြောင်း ကျွဲ ကောသီးခြံ အများဆုံးပိုင်ဆိုင်သူ ဦးစိုးမြင့်ထံမှ သိရသည်။
ကျွဲကောသီးကို လူမျိုးမရွေးဘာသာမရွေး စားသုံးနိုင်ပြီး သွေးလည်ပတ်မှုကောင်းခြင်း၊ အိပ်မပျော်ခြင်း၊ သွေးကျဲခြင်း၊ လည်ပင်နာခြင်း စသည့်အပြင် ဆီးချိုရောဂါသည်များအတွက် အကောင်းဆုံး ဓာတ်စာသီးနှံဖြစ်၍ လူတိုင်းစားသုံးသင့်ကြောင်း ဆေးပညာအဆိုအရ သိရသည်။
မိချို (ကျိုက်မရော)