မော်လမြိုင် သြဂုတ် ၂၃
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ မွန်ပြည်နယ် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ မြို့နယ်အသီးသီးမှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို အောင်စေပိုင်စေသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အနေဖြင့် အနုပညာဖက်မှာလည်းထူးချွန်သည့် ရွက်ပုံးသီးတွေ၊ ဘက်စုံတော်သည့် ပညာရှင်တွေ ပေါ်ထွန်းလာစေဖို့၊ ကောင်းမွန်သော မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို လက်ဆင့်ကမ်း အမွေဆက်ခံနိုင်ရန်စေဖို့ စဉ်ဆက်မပြတ်လေ့ကျင့်ပျိုးထောင် ပေးလျက်ရှိပါကြောင်း၊ ယခုနှစ်၏ ဗဟိုအဆင့်ပြိုင်ပွဲတွင် ထူးခြားမှုအနေဖြင့် မွန်တိုင်းရင်းသားတူရိယာများဖြင့် တီးခတ်သည့် မွန်တူရိယာအတီးပြိုင်ပွဲကိုလည်း ထည့်သွင်းယှဉ်ပြိုင် ရမည်ဖြစ်သည့်အတွက် သက်ဆိုင်ရာစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ကြိုတင်ပြင်ဆင်ထားရှိကြရန် လိုအပ်ကြောင်း၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပညာရှင်၊ အနုပညာရှင်၊ ဝါသနာရှင်များများအနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် တိုင်းရင်းသားအသီးသီး၏ ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့ပါကြောင်း၊ စာပေယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများနှင့် အစဉ်အလာများကို လျော့နည်းပပျောက်ခြင်းမရှိအောင် အားလုံးကဝိုင်းဝန်းထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန်လိုအပ်ပါကြောင်း၊ မျိုးဆက်သစ်လူငယ်များအနေဖြင့် ယခုပြိုင်ပွဲကြီးမှရရှိသည့် အောင်မြင်မှုများနှင့်အတူ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းသွားကြရန်နှင့်(ဗဟိုအဆင့်) ပြိုင်ပွဲကြီးတွင် ဘာသာရပ်အစုံပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှလည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကားပြောကြားပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် လူမှုရေးရာ၀န်ကြီး ဦးစောကြည်နိုင်တို့က ပြိုင်ပွဲအားဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ အလှူရှင်များက ထည့်ဝင်လှူဒါန်းပေးကြသော အလှူငွေများကို ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာ၀န်ကြီး နိုင်လယိတမက ပေးအပ်ရာ လူမှုရေးရာ၀န်ကြီး ဦးစောကြည်နိုင်က လက်ခံရယူခဲ့ပြီး မမြူနှင်းချိုမှ အဆိုအကဖြင့် ဖျော်ဖြေခြင်း၊ မမြပန်းစံအိမ်မှ ရာမညမြေသို့ လာခဲ့ပါသီချင်းဖြင့်ဖျော်ဖြေခြင်း၊ မခိုင်ကြည်သင်းမှ အလှကမ္ဘာမြေသီချင်းဖြင့် ဖျော်ဖြေခြင်း၊ ဦးငယ်လေးမှ လူချွန်လူကောင်းသီချင်းဖြင့် ဖျော်ဖြေခြင်းနှင့် ဗဟိုအဆင့်တွင် သွားရောက်ယှဉ်ပြိုင်မည့် မွန်တိုင်းရင်းသားရိုးရာ တူရိယာပညာရှင်များမှ (၁၂)မျိုး ကနည်းတေး သီချင်းဖြင့် တီးခတ်ဖျော်ဖြေ သီဆိုနေမှုကိုလည်းကောင်း၊ အကပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်ကျောင်းနှင့် အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် အခြေခံပညာအဆင့်နှင့် ဝါသနာရှင်အဆင့် အတီးပြိုင်ပွဲ၊ အရေးပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်သူများအား ရင်းရင်းနှီးနှီးလိုက်လံအားပေး နှုတ်ဆက်ခဲ့သည်။
မွန်ပြည်နယ် ၂၀၂၄ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြိုင်ပွဲအမျိုးအစားဘာသာရပ် (၄)မျိုး၊ အခြေခံပညာအဆင့်နှင့် ဝါသနာရှင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၀င် (၁၈၇) ဦး၊ မွန်တိုင်းရင်းသား အခြေခံပညာအဆင့်၊ အလွတ်တန်းအဆင့်၊ ဝါသနာရှင်အဆင့်နှင့် ပညာရှင်အဆင့် အဆို၊ အက၊ အတီးပြိုင်ပွဲ၀င် (၁၀၃) ဦး၊ စုစုပေါင်း (၂၉၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ (၃)ရက်ကြာ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဆုရရှိသူများအား ဂုဏ်ပြုဆုများထိုက်တန်စွာ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)