တောင်ကြီးမြို့၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

တောင်ကြီး ဩဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မီးငြှိမ်းသတ်ရေးနှင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီက စိန်ပန်းရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားတွင် တောင်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းက ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ဒေသခံတိုင်းရင်းသားပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်စေရန်အတွက် တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ အရေးပေါ် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက် ခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊  ကြက်ခြေနီတပ်ဖွဲ့ဝင်များက မီးဘေး၊ ငလျင်ဘေးများ ကျရောက်လာပါက မီးငြှိမ်းသတ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း၊ ငလျင်ဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ရာတက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကျော်ဇင်(တောင်ကြီး)