ငါန်းဇွန် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ၆ တန်းသွား လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉နာရီက ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ်(၉၁၈)၊ ဦးပိုင်အမှတ်(၃၁၀)၊ တောင်သူ ဦးကြည်တင်၏ လယ်မြေ (၃)ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးစပါးလက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ဆန်းလင်းက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဧက ပန်းတိုင်အထွက် ရရှိရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များနှင့် သီးနှံပင်သက်တမ်း တစ်လျှောက် အပင်ပြုစုဆောင်ရွက်သည်မှ ရိတ်သိမ်းသည်အထိ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေး၊ သွင်းအားစုများ စနစ်တကျ ထည့်သွင်းခြင်းနှင့် ရိတ်သိမ်းမှုတွင်လည်း လေလွင့်မှု မရှိစေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော တောင်သူများအား စိုက်ပျိုးရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် မိုးစပါးစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)