ကျောက်ဆည်မြို့နယ်တွင် မွမ်းမံစက်ချုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်

ကျောက်ဆည် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာ ရန်အောင်မြင်ဓမ္မာရုံတွင် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးလုပ်ငန်းစီမံကိန်းအဖြစ် အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခဲ့သော သင်တန်းသူများအား ယမန်နေ့နံနက်ပိုင်းက မွမ်းမံသင်တန်း အခမဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)  ဦးအောင်သူက သင်တန်းသူများအား ကျွမ်းကျင်သည့်စက်ချုပ်နည်းပညာဖြင့် မိသားစုတစ်နိုင်တစ်ပိုင် အပိုဝင်ငွေကောင်းစွာ ရှာဖွေနိုင်ရေးမွမ်းမံသင်တန်းကို ဆက်လက်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ စက်ချုပ်ပညာသည် အိုးမကွာအိမ်မကွာ ဝင်ငွေရှာဖွေနိုင်သည့် ပညာဖြစ်သည့်အတွက် အခြားမိသားစုလုပ်ငန်းများကိုလည်း လုပ်ကိုင် နိုင်သောကြောင့် ကျေးလက်နေသင်တန်းသူများအနေဖြင့် မိသားစုတစ်ဦးချင်းဝင်ငွေတိုးတက်ရေးအတွက် လက်တွေ့အသက်မွေးဝမ်းကျောင်းပညာဖြစ်ကြောင်းနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရန်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းက ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် သင်တန်းများအခမဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းတွင် ထူးချွန်သူ(၅)ဦးကိုရွေးချယ်ကာ လုပ်ငန်းများထူထောင်နိုင်ရန် စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

မွမ်းမံစက်ချုပ်နည်းသင်တန်းသို့ သမန္တလင်း၊ ကျားအိုကြီး၊ ကျားအိုလေး၊ မယ်ဇယ်တော၊ ဝမ်းသောင်ကျေးရွာများမှ အခြေခံစက်ချုပ်နည်းသင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသူ(၁၅) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို စက်တင်ဘာ(၁၃)ရက်နေ့ အထိသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)