ပင်းတယ ဩဂုတ် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆင်ခေါင်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှ ကျောင်းသား/ ကျောင်းသူများ သိသင့်သိထိုက်သော အကြောင်းအရာများနှင့် သတင်းတု၊ သတင်းမှားများကို အလွယ်တကူယုံကြည်ခြင်းမရှိဘဲ အမှား၊ အမှန်ခွဲခြားဝေဖန်ဆန်းစစ်တတ်စေရန်နှင့် သတင်းတု သတင်းမှားဖြန့်ဝေပါက အရေးယူနိုင်သည့်ဥပဒေများကို အသိပညာပေးဟောပြောသည်။ ထိုနောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ဟောပြောသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) မှ ဝန်ထမ်းများက အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပင်းတယ)