မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အောင်မြေသာစံမြို့နယ်ရှိ ရတနာတိုက်သစ်ကျောင်း(သစ်စိမ့်တိုက်)၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေး  ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ညနေပိုင်းက အောင်မြေသာစံမြို့နယ်ရှိ ရတနာတိုက်သစ်ကျောင်း(သစ်စိမ့်တိုက်)တွင် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများကို သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရတနာတိုက်သစ်ကျောင်း ဆရာတော်ဘဒ္ဒန္တပဏ္ဍိစ္စအားဖူးမြော်၍ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာရောက်ရှိလာကြသည့်ပြည်သူများအား ယာယီလက်ခံစောင့်ရှောက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဩဝါဒများခံယူကာ ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

၎င်းနောက် ဓမ္မဗိမာန်တော်ကြီး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ၍ ယာယီနေထိုင်စဉ်ကာလအတွင်း ကျန်းမာရေးကိုအထူးဂရုစိုက်နေထိုင်သွားရန်တို့ကို အဓိကမှာကြားခဲ့ပြီး အားပေးစကားများ ပြောကြား၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်ထောင်စု ၂၄ စုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရိက္ခာများဖြစ်သည့်  ဆန်၊ ဆီနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိသားစုသုံးပစ္စည်း(၁၆)မျိုးပါ Kit ပုံး ၂၄ ပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်အားပေးစကားများ ပြောကြားပြီး ပြည်သူများမှ ကြုံတွေ့နေရသည့်အခြေအနေများနှင့်ပတ်သက်၍ တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်