နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

နေပြည်တော် ဩဂုတ် ၂၃

၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု နေပြည်တော်အဆင့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုး၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ရုံးချုပ်)နှင့် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ဆေးရုံအုပ်ကြီးများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ပညာရေးမှူးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များနှင့် မိဘများ တက်ရာက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ကလေးငယ်များအပါအဝင် အသက်အရွယ်မရွေး နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင် ဉာဏ်ရည်ထက်မြတ်ပြီး စွမ်းဆောင်ရည်မြင့်မားနေစေရေး၊ ကိုယ်ခံအားကောင်းပြီး ကူးစက်ရောဂါပိုးများဝင်ရောက်မှုမှ ကာကွယ်တားဆီးနိုင်ရေး၊ ကျန်းမာစေရေးအတွက် မျှတလုံလောက်သော အစားအစာများကို အပြည့်အဝစားသုံးနိုင်ရန် လိုအပ်ပါကြောင်း၊ နေ့စဉ်စားသုံးသည့် အစားအစာများသန့်ရှင်းပြီး ခန္ဓာကိုယ်အတွက် လိုအပ်သည့် အာဟာရဓာတ်များ ပြည့်ဝနေရန်လိုအပ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများမှာ ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစားပါဝင်လာခြင်းဖြင့် အာဟာရပြည့်ဝကျန်းမာအောင် စီမံစားသုံးတတ်သည့် အသိပညာ၊ အမူအကျင့်ကောင်းများ ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမှာဖြစ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေ ပိုမိုကောင်းမွန်မြင့်မားလာစေရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များ၊ မွေးစကလေးများနှင့် အသက်ငါးနှစ်အောက်ကလေးများသည် အာဟာရချို့တဲ့မှုကို ထိခိုက်လွယ်အုပ်စုများဖြစ်ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့မိခင်နို့စနစ်တကျ တိုက်ကျွေးရေး ရက်သတ္တပတ်ဆောင်ပုဒ်မှာ “Closing the Gap; Breastfeeding Support for All” “မိခင်နို့ချို တိုက်ကျွေးဖို့ အားလုံးကူညီ ပံ့ပိုးစို့” ဖြစ်ကြောင်း၊ ငါးနှစ်အောက်ကလေးငယ်များအား ဖြည့်စွက်စာကျွေးခြင်း၊ အသိပညာဗဟုသုတများအား ပြည်သူလူထုအတွင်း ဖြန့်ဝေခြင်း၊ အသက်အရွယ်အလိုက် ကိုယ်အလေးချိန် ပုံမှန်ချိန်၍ မှတ်တမ်းထားရှိခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အနာဂတ်၏ သားကောင်းရတနာတွေဖြစ်သည့် ကျောင်းသားလူငယ်များ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရေး၊ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာကြံ့ခိုင်စေရေးအတွက် အာဟာရပြည့်ဝ မျှတအောင်စားရန် လိုအပ်ပါကြောင်း၊  ပျိုဖော်ဝင်ကျောင်းသူလေးများမှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်တတ်တာကြောင့် သံဓာတ်ကြွယ်ဝသည့် အစားအစာများ စားသုံးရန်လိုအပ်ပါကြောင်း၊  ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့်အတန်း တိုးတတ်မြင့်မားစေရေး ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရေးနှင့် ကျန်းမာပျော်ရွှင်သည့် ပညာသင်ယူမှုပတ်ဝန်းကျင်ကောင်း ဖန်တီးနိုင်စေရေးအတွက် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းလာရန် ရည်မှန်းပြီး “ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေး အလေးပေး” ဆောင်ပုဒ်အတိုင်း ကျောင်းကျန်းမာရေး လုပ်ငန်းများကို အလေးထား ပူးပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် Video Clip များကို ပြသခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တာဝန်ရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ခင်ကျင်းပြသထားသည့် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်းများ၊ အာဟာရဖွံ့ဖြိုးရေး သုံးဆေးနှင့် အထောက်အကူပစ္စည်းများ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစားအစာများနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် စာမူများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက အသက် ငါးနှစ်အောက် ကလေးသူငယ်များအား အင်အားဖြည့် ဗီတာမင်အေတိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ ပျဉ်းမနားမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် သရုပ်ပြသမှုများနှင့် ကျောင်းကျန်းမာရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပျိုဖော်ဝင်ကျောင်းသူလေးများအား သံဓာတ်အားဖြည့် ဆေးပြားများ တိုက်ကျွေးကာ KG ကျောင်း သား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်အစားအစာများ ပေးအပ်ခဲ့ကြသည်။

ထို့နာက် ကျောင်းသား၊ ကျောင်းသူများက ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု “ဗလငါးတန်ဖွံ့ဖြိုးရေး ကျောင်းကျန်းမာရေးအလေးပေး ပညာပေး”သီချင်းများဖြင့် သရုပ်ဖော်က ပြဖျော်ဖြေမှုများ၊ ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်အစားအစာများ တိုက်ကျွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းအတွင်းရှိ မုန့်ဈေးတန်းတွင် ကျန်းမာရေးနှင့်အညီ အစားအစာများရောင်ချနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)