မောက်မယ်မြို့နယ်၌ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လူနေအိမ်များအတွင်း ရေများဝင်ရောက်ပြီး ကျောင်းတစ်ကျောင်း ပိတ်ထားရ

မောက်မယ် သြဂုတ် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးနှစ်ရက်ဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ယွမ်းချောင်းရေမြင့်တက်ပြီး ရေကြီးရေလျှံမှုဖြစ်ကာ ရပ်ကွက်များအတွင်းရှိ မြေနှိမ့်ပိုင်းနေအိမ်အချို့တွင် ယနေ့နံနက်ပိုင်း ၂ နာရီခန့်က ရေများယမန်နေ့ထက် ပိုမိုဝင်ရောက်ခဲ့ရာ ကူညီကယ်ဆယ်ရေးများ ပြုလုပ်ခဲ့ရပြီး အခြေခံပညာမူလတန်းကျောင်း (မွေတော်) လည်း ရေနှစ်မြုပ်သဖြင့် ကျောင်းပိတ်ထားခဲ့ရကြောင်း သိရသည်။

ထိုသို့ရေကြီးရေလျှံမှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ချက်ချင်းသွားရောက်ကြည့်ရှုကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နံနက်၆နာရီတွင် “နမ့်ခုံး” ရှမ်းများ ပရဟိတအသင်းခွဲ (မောက်မယ်) က ရေနစ်မြှပ်နေသည့် နေအိမ်ရှိမထွက်လာနိုင်သည့်ပြည်သူများအား ထမင်းထုပ်များနှင့် သောက်ရေသန့်များ သွားရောက်ပေးဝေခဲ့ကြပြီး ဖြစ်စဉ်အတွင်း လူနှင့် တိရိစ္ဆာန်များ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများမရှိကြောင်း၊  အိမ်အသုံးအဆောင်များ ပျက်စီးဆုံးရှုံးမှုအနည်းငယ်သာရှိကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)