လှည်းကူးမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လှည်းကူး သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်း၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ငွေများထုတ်ပေးပြီး ပင်စင်စားများအား ယနေ့မွန်းလွှဲ ၁ နာရီမှ ညနေ ၃ နာရီထိ လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသောင်းဒန်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊  မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်ဝန်ထမ်းများကလည်း တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို လာရောက်အားပေး ကူညီခဲ့ကြောင်းသိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)