ဗိုလ်တထောင် ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ (Women Club) စာပေချစ်မြတ်နိုးသူများမှ စာရေးဆရာ ပီတိ(ပေကြီး)ရေးသားသည့် “ငါတို့အနာဂတ်ငါတို့ဖတ်စာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဩဂုတ်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားဆွေးနွေးပါသည်။ ထို့နောက် စာပေဝါသနာရှင် ဒေါ်မြင့်စန္ဒာက စာရေးဆရာပီတိ(ပေကြီး) ရေးသားသည့် "ငါတို့အနာဂတ်ငါတို့ဖတ်စာ"စာအုပ်မှ လူငယ်နှင့်အောင်မြင်ရေးခေါင်းစဉ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး Women Club အဖွဲ့ဝင်ဒေါ်သဲစုက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနမှ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် ဌာနဆိုင်ရာများ၊ Women Club စာပေချစ်မြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းနှင့် အသိပညာပေးဆွေးနွေးပွဲများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။
ထို့နောက် တက်ရောက်လာကြသော Women Club စာပေ ချစ်မြတ်နိုးသူများမှ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။
မြို့နယ် (ပြန်/ဆက်)