မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးပွဲတော် ကျင်းပ

မိတ္ထီလာ သြဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်​ရေးပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမုခ်ဦးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းရိုက်ကူခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနားကို အဆိုပါကျောင်းရှိ ပညာရတနာခန်းမတွင် ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများက အလှဆုံးပန်းများပွင့်ကြပြီ သီချင်း ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး စာဖတ်ရှိန်မြင့်တင်ရေးဆိုင်ရာ နိုင်ငံ့အကျိုးအတွက် မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည် Video Clip ကိုပြသပေးခဲ့သည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်တစ်ခုဖြစ်ပြီး မူဝါဒအဖြင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခု အ.ထ.က(၂)တွင် ကျင်းပတဲ့ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပဉ္စမအကြိမ်မြောက်ကျင်းပတဲ့ ပွဲတော် ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ ဗဟုသုတ ကြွယ်ဝတဲ့ အသိပညာရှင် အတတ်ပညာရှင်များ လိုအပ်ပါတယ်။ အသိပညာ ဗဟုသုတ ကြွယ်ဝဖို့အတွက် စာပေကို စဉ်ဆက်မပျက် လေ့လာဖတ်ရှုကြရပါမယ် ဘဝအတွက် စာဖတ်ရန် လိုအပ်တဲ့စကားတစ်ခု မှတ်သားမိပါတယ်။ အဲ့တာက စာမတတ်သူဟာ ထိုင်နေ့တဲ့ လူနဲ့တူပါတယ်။ စာတက်ပြီးစာမဖတ်တဲ့သူဟာ ရပ်နေတဲ့လူနဲ့သူပါတယ်။ စာတတ်ပြီးစာလည်း ဖတ်ကြတဲ့သူတွေကတော့ လမ်းလျှောက်နေ့တဲ့ လူတွေနဲ့သူပါတယ်။ ဒါ့ကြောင့် စာပေကို အမြဲလေ့လာဖတ်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။ မိမိတို့နိုင်ငံဟာ ကျေးလက်နေပြည်သူတွေရှိတဲ့ အတွက် ကျေးလက်နေပြည်သူတွေ စာအုပ်စာပေဖတ်ရှုဖို့နဲ့ စာအုပ်စာစောင်တွေ လက်လှမ်းတမှီထာရှိပေးဖို့ စာကြည့်တိုက်တွေ ခိုင်မာရှင်သန်ရေးဟာ အလွန်ပဲ အရေးကြီးပါတယ်။ ဒါ့ကြောင့် စာအုပ်စာစောင်တွေ ပြည့်ပြည်စုံစုံ ထားရှိပေးနိုင်ဖို့ စာဖတ်ရှိန်မြှင့်တင်ပေးနိုင်ဖို့အတွက် ယခုလိုစာအုပ်လှူဒါန်းပွဲတွေ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်တွေကို ကျင်းပပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ် လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်က လက်ခံခဲ့သည်။ ထို့နောက် အမျိုးသားစာပေဆုရှင် စာရေးဆရာ ဒေါက်တာမောင်သင်းက စာဖတ်ရှိန်မြင့်၍ စာကြည့်တိုက်တွေဖွံ့ဖြိုးပါမှ ပညာတတ်နိုင်ငံတော်ဘဝရောက်မည် ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အမှတ်တရဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများက သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပွဲတော်အတွင်းရှိ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နေသည့် ကျောင်းသား၊ကျောင်းသူများ၊ ပြပွဲများတွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတတ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် အထက်တန်း အဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ အထွေထွေဗဟုသုတဉာဏ်စမ်းပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စာဖတ်ဝိုင်း၊ ပျော်ပွဲရွှင်ပွဲ ဂိမ်းပြိုင်ပွဲများ၊ တက္ကသိုလ်၊ ကောလိပ်၊ ခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ သင်တန်းကျောင်းများမှ ခင်းကျင်းပြသသည့် ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)