၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ရမည်းသင်းခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပ

ရမည်းသင်း ဩဂုတ် ၂၂

မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု ဓလေ့စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီက ရမည်းသင်းမြို့၊ သီလဝခန်းမ၌ ကျင်းပသည်။

အခမ်းအနားကို ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးမြင့်ထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မင်းဟန်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်၊ ခရိုင် လဝကဦးစီးမှူး ဦးစိုးမြင့်နှင့် နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ကြီး ဒေါက်တာ မြတ်သူတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ကွယ်မသွားစေရေး ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်မားလာစေရန်နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာများ မပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များ အနုပညာအမွေ အနှစ်ကို လက်ဆင့်ကမ်း ဆောင်ရွက်စေလိုသော ရည်ရွယ်ချက်ဖြင့် အနှစ်သာရ ပြည့်ဝစွာ ကျင်းပခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ဆက်လက်၍ ရမည်းသင်းမြို့ အ.ထ.က(၁) ကျောင်းသား၊ကျောင်းသူများမှ ဇာတိမာန် သီချင်းဖြင့် လည်းကောင်း၊ ပျော်ဘွယ်မြို့ဂီတအစည်းအရုံး ဘဏ္ဍာ‌ရေးမှူး ဒေါ်ဆွေဆွေအောင်မှ "ဒီနေ့ ကံကောင်းပါစေ" သီချင်းဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ပေးကြသည်။

ထို့နောက် (၂၅)ကြိမ်မြောက်၊ စိန်ရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရာ ဝါသနာရှင်(ဒုတိယတန်း) အမျိုးသမီးအကပြိုင်ပွဲဝင် နှစ်ဦး၊အခြေခံပညာအဆင့် (၁၀-၁၅) အကပြိုင်ပွဲတွင် အမျိုးသား(၃)ဦး၊ အမျိုးသမီး (၅) ဦး၊ အခြေခံပညာအဆင့် (၁၅-၂၀) အကပြိုင်ပွဲတွင် အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ အခြေခံပညာအဆင့်(၁၀-၁၅) အမျိုးသမီး မဟာဂီတ အဆိုပြိုင်ပွဲဝင်နှစ်ဦး၊ အမျိုးသား ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲဝင်တစ်ဦး၊ အမျိုးသမီး ပြိုင်ပွဲဝင်(၄)ဦး၊ ဇာတိဂုဏ်မြင့်မားရေး အဆိုပြိုင်ပွဲဝင် အမျိုးသား(၄)ဦး၊ ဝါသနာရှင် ဒုတိယတန်း (အမျိုးသမီး) ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲဝင်(၄)ဦး၊အခြေခံပညာအဆင့် (၁၀-၁၅) အမျိုးသား မဟာဂီတအဆိုပြိုင်ပွဲဝင် တစ်ဦး၊ အမျိုးသမီးပြိုင်ပွဲဝင်(၄)ဦး၊ အခြေခံ(၁၅-၂၀) အမျိုးသား ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲဝင်နှစ်ဦး၊ ဝါသနာရှင် ဒုတိယတန်း အမျိုးသား ပတ္တလားအတီးပြိုင်ဝင်တစ်ဦး၊ တစ်ကိုယ်တော် ဆိုင်းအတီးပြိုင်ပွဲဝင်တစ်ဦးနှင့် ကဗျာလွတ်အဖွဲ့လိုက် အကတစ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)