မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလဲ့ညိုဝင်းက ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုး‌ရေးရက်သတ္တပါတ်များ လှုပ်ရှားမှုအကြောင်း၊ ဝမ်းပျက်၊ ဝမ်းလျှောရောဂါအကြောင်းနှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းတို့အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဆရာမကြီးဒေါ်ဝင်းဝင်းစိုး ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး၊ သန့်ရှင်းသောအစားအစာများ စားသုံးရေး အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌ ဒေါက်တာလဲ့ညိုဝင်းနှင့်တာဝန်ရှိသူများမှ ကိုယ်‌ဝန်ဆောင်မိခင်များအား အာဟာရနှင့်အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး‌နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)