ဒဂုံတောင် ဩဂုတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်သော မြို့နယ်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ လူမှုကူညီရေးအသင်းအဖွဲ့ဝင် ပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ယမန်နေ့နံနက်(၈)နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ဈေးအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ၏ ကြီးကြပ်ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်(ဈေးများဌာန)တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်းကာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး လက်ကိုင်အသံချဲ့စက်များဖြင့် ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးလှုံ့ဆော်ခြင်း၊ ဓာတ်ဆားထုတ်များဖြန့်ဝေပေးခြင်း၊ စျေးဆိုင်တန်းများတွင် ကျန်းမာရေးနှင့် ညီညွတ်စေရန်စစ်ဆေးပေးခြင်း၊ သက်ဆိုင်ရာအပိုင်ရာအိမ်မှူးများအား ဓာတ်ဆားထုတ်များ ဖြန့်ဝေပေးအပ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။
နေမျိုးအောင် (ပြန်/ဆက်)