ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပေါင် ဩဂုတ် ၂၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယ‌နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ပေါင်မြို့နယ်သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ယာဥ်တိုက်မှုဒုတိယအများဆုံးဖြစ်သည့်အတွက် မြို့နယ်အလိုက် ကော်မတီဖွဲ့စည်း၍ အခြေခံပညာကျောင်းများတွင် Grade -12 နှင့် Grade -11 ကျောင်းသား/ကျောင်းသူများကို အဓိကထား၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အကျယ်တဝင့်ဟောပြောဖို့လိုအပ်သည့်အတွက် ကော်မတီဖွဲ့စည်းတာဝန်ပေးထားသည့် အတိုင်းဆောင်ရွက်ကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်က ပေါင်မြို့နယ်သည် ပြည်ထောင်စုကားလမ်းမပေါ်တွင် တည်ရှိနေသည့်အတွက် လမ်းဦးစီးအနေဖြင့် လမ်းအမှတ်အသားများကို စနစ်တကျပြုလုပ်ဆောင်ရွက်ထားဖို့လိုအပ်ပါကြောင်း၊ လမ်းအကွေ့များသော နေရာများနှင့်စာသင်‌ကျောင်းရှိသည့် နေရာအနီးတွင် အရှိန်လျော့မောင်းပါ စသည့်အမှန်အသားများကို ဆောင်ရွက်ပေးထားပါရန်၊ ယာဉ်မောင်းသူများအနေဖြင့် သောက်စားမူးယစ်ပြီး ယာဉ်မောင်းခြင်းကို မပြုကြပါရန်၊ ယာဉ်တိုက်မှုတွေနည်းလာအောင် ကော်မတီဝင်များအနေဖြင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က လိုအပ်သည် များဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းများ၌ အပတ်စဉ်ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)