တာချီလိတ် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဩဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းကာ ဗိုလ်ချုပ်လမ်းမကြီးနှင့် မြေနိမ့်ရပ်ကွက်များတွင် ယနေ့နံနက်ပိုင်းမှစ၍ ရေကြီးရေလျှံမှုများ ပြန်လည်ဖြစ်ပေါ်လျက်ရှိသည်။
တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်သည် ၃၉၀ စင်တီမီတာဖြစ်ပြီး ဩဂုတ်လအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ၂၀၂၄ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၄ ရက်နေ့ထိ ပထမအကြိမ် ရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်တွင် မယ်ဆိုင်ချောင်းရေမှတ် ၄၃၇ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း၊ ဩဂုတ် ၁၃ ရက်မှ ၁၇ ရက်နေ့ထိ ဒုတိယအကြိမ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် မယ်ဆိုင်ချောင်းရေမှတ် ၄၇၁ စင်တီမီတာသို့ ရောက်ရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၂ ရက် နံနက် ၁၁ နာရီတွင် မယ်ဆိုင်ချောင်းရေမှတ်သည် ၃၉၀ စင်တီမီတာသို့ရောက်ရှိကာ ပုန်းထွန်၊ တာလော့၊ မကာဟိုခမ်း၊ ဝမ်ကောင်း၊ ဆန်ဆိုင်း(ခ)၊ ဆန်ဆိုင်း(က)၊ မယ်ခေါင်ရပ်ကွက်နှင့် ဗိုလ်ချုပ်လမ်းမကြီးအပါအဝင် လမ်းများနှင့် လူနေအိမ်များသို့ ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများအား အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် တာချီလိတ်ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များကို နယ်မြေအလိုက် တာဝန်အသီးသီး ခွဲဝေသတ်မှတ်ပေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)