မိုင်းဆတ် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီပြိုင်ပွဲကို ယနေ့မွန်းတည့်(၁၂)နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ရောင်စုံကာလာအသုံးပြုမှု ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးထက်မြက်ပြီး တွေးခေါ်ကြံဆနိုင်စွမ်းမြင့်မားစေရန်နှင့် ပန်းချီစွမ်းရည်တိုးတက်စေရန်အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပန်းချီပြိုင်ပွဲမစတင်မီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီပြိုင်ပွဲစတင်ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲတွင် ပန်းချီဝါသနာရှိသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ပန်းချီများ ရေးဆွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသူအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)