ပေါင် ဩဂုတ် ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပေါင်မြို့နယ်ရှိ ဝဲပတန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့်(၃) အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးသန်းဝင်းဇော်၏ဦးဆောင်မှုဖြင့် ဝန်ထမ်းများမှ အသက်(၁၀)နှစ်နှင့်(၁၈)နှစ်ကြား ပြည်သူ(၄၁)ဦး၊ အသက်(၁၈)အထက်ပြည်သူ(၂၂)ဦး စုစုပေါင်း ပြည်သူ(၆၃)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသည် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများသို့ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)